ရင်လှိုင်းခတ်သံ
ရင်ဘတ်ထဲက ဘာသာစကားတူသူတွေသာ ရေရှည် စကားပြောလို့ရတာပါ...။
အဖေ့ကို မှီနွဲ့ထားလေသူ
အမေ့ဓါတ်ပုံကိုကြည့်ရင်း...
နီယွန်မီးတွေထိန်ထိန်သာနေတဲ့
မော်စကိုရဲ့ ညမှာ ငေးမောရင်းနဲ့...
အမဲရောင်မိုးကာကို ၀တ်ထားတဲ့
ဟိုး...မြို့ငယ်လေးက
ညမွှေးပန်းရနံ့တွေကို သတိရနေမိပါရဲ့...။
လောကဓံ ၈ ပါးမှာ
အ နဲ့ စတဲ့ လောကဓံတွေသာ
ငါတို့မိသားစုအပေါ် ကျရောက်ခဲ့ပါရဲ့...။
အမေက ပြောခဲ့တယ်...
သားငါးပုစွန်တွေစားပြီး ကောင်းနေတဲ့ဦးနှောက်တွေကို
ချဉ်ပေါင်ရွက်စားပြီး ဘရိန်းကောင်းတဲ့ ငါ့သားက
ကျော်လွန်ယှဉ်ပြိုင်နိုင်တယ်...
..ဒါမှ အမေ့သားတဲ့..
အဲဒီလိုနဲ့...
လေညာကို ကျွန်တော်ဆန်ခဲ့ရတယ်...
တောင်တွေကို ဖြတ်ကျော်ခဲ့ရတယ်...
တကယ်တော့ အမေ့သားဟာ
ရေဆန်ကိုသာ ကူးခတ်နေခဲ့ရတဲ့
ဆယ်လမွန်ငါးလေးတစ်ကောင်ပါ အမေ...။
အမှန်တွေကို ကျွန်တော်လုပ်တဲ့အခါ
အမေက ချီးကျူးခဲ့တယ်...
အမှားတွေလုပ်ခဲ့မိတဲ့အခါ
သင်ခန်းစာယူဖို့ အမေပြောခဲ့တယ်...။
လောကကြီးထဲကို ခြေစုံပစ်ခဲ့တဲ့အခါ...
အောင်မြင်မှုတွေကြုံတော့
ကျွန်တော်တစ်ယောက်တည်း ခံစားခဲ့ပေမယ့်
ရှုံးနိမ့်မှုနဲ့တွေ့တော့
အမေ့ဆီ ဖုန်းဆက်ပြီး သောကတွေပဲ မျှဝေခဲ့တာ ကျွန်တော်ပါ အမေ...။
အဖြူရောင်သံစဉ်ကို နားထောင်ရင်း
အမေ့ကို တမ်းတ သတိယ..
အမေ့ရင်ခွင်မှာ ခိုနားချင်စိတ်တွေတဖွားဖွားနဲ့
အမေခွံ့ကျွေးခဲ့တဲ့
နေ့လည်အဆာပြေ ထမင်းလုပ်တွေကို ပြန်လည်တမ်းတမိပေမယ့်
သားလေ အမေ့ဆီ ပြန်လာခွင့် မကြုံသေးဘူး အမေရေ...။
အို...နတ်ကောင်း၊ နတ်မြတ်များ
သင်တို့အား အတောင်ပံအဖြစ်တပ်ဆင်
မော်စကိုရဲ့ နေ၀င်ချိန်မှာ
အမေရှိရာ ပြည်တော်သာကို
ငါ ပျံသန်းလိုက်ချင်ပါရဲ့
ပျံလိုက်ချင်ပါရဲ့ကွယ်...။
Labels: ကဗျာ
ချစ်ခြင်း၊ မုန်းခြင်းကင်းသော ဥပေက္ခာတရားသည်သာ ပြီးပြည့်စုံသော စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်၏။